Wednesday, July 24, 2013

((( ပျော်ပါစေ လို့သာ)))




မိုးရွာနေတယ် ကိုကို

မိုးရာသီမှာ မိုးရွာတာမဆန်းပေမယ့်

မိုးရေဖြန်းလို့ မြင်မြင်သမျှ အရာအားလုံး စွတ်စိုလှပပေမယ့်

မိုးရွာရင် ပိုသတိရတယ်ကိုကို ဘယ်များရောက်နေသလဲကွယ်။

အချိန်တိုင်းမဟုတ်ပေမယ့် ကိုကို့ကို သိပ်လွမ်းနေပါတယ်။

ဒီမိုးရွာသီလေးမှာ ပဲ ကိုကိုနဲ့ဆုံစည်းခဲ့တယ်။

အွန်လိုင်းမှာ သိခဲ့ရတဲ့ မေတို့နှစ်ယောက်ရဲ့ နိဒါန်းက သိပ်တော့ မထူးဆန်းပါဘူးနော်။

ကိုကိုကအ၇ာရာ တော်တယ်ဆိုတာ ကြိုသိထားခဲ့ရပေမယ့် မေ သိပ်ချစ်သွားမိမယ်လို့တော့

ထင်မထားခဲ့ပါဘူး ကိုကို ။

အမြဲခပ်တည်တည်နေတတ်တဲ့မေကို ပြုံးရွှင်နေအောင်ဖန်တီးစေခဲ့သူ။

ဘယ်သူ့ကိုမှ စကားကောင်းကောင်းပြန်မပြောခဲ့တဲ့ မေ့ကို စကားတွေ

အများကြီးပြောလာအောင် ကိုကို က ဆွဲဆောင်နိုင်စွမ်းရှိခဲ့တယ်။

စကားပြောကောင်းတဲ့ ကိုကိုကလည်း မေ့အတွက်

မင်းသားလေးတစ်ပါး ဖြစ်မှန်းမသိဖြစ်လာခဲ့တာပါ။

ဒီလိုနဲ့ မေ နေ့ရက်တွေတိုင်းမှာ ကိုကို့က အရှင်သခင်ဖြစ်လာခဲ့တယ်။

ကိုကို နဲ့ စကားများများ ပြောဖြစ်လာတော့ ကိုကို့ အကြောင်းတွေ သိခဲ့ရတယ် ။

သာမန်မိသားစုကနေ ဆင်းသက်လာတဲ့ ကိုကို

မောင်နှမတွေအားလုံးရဲ့ ရှေ့ဆောင်လမ်းပြ ကိုကို

ဥာဏ်ရည်မြင့်မားတဲ့ ကိုကို

ပညာရေးကို အဓိက ထားတဲ့ ကိုကို

အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့တဲ့ ကိုကို

နွမ်းပါးတဲ့ကလေးတွေကို ပညာသင်စရိတ်ထောက်ပံ့ပေးတဲ့ ကိုကို

စာမလိုက်နိုင်တဲ့သူတွေကို အိပ်ရေးပျက်ခံပြီး စာသင်ပေးခဲ့တဲ့ ကိုကို

မေလေ ကိုကို့ ကို လေးစားလိုက်တာ။

လေးစားမှုတွေကနေ အချစ်ဆိုတာ မွေးဖွားတတ်သလား ဆိုတာ မသိပေမယ့်

မေကိုကို့ကို လေးစားရာကနေ သိပ်ချစ်မိသွားခဲ့ပါတယ်။

အပျင်းထူတဲ့ မေ

အွန်လိုင်းမှာ အချိန်ဖြူန်းတဲ့မေကိုတော့ ကိုကို ချစ်ပေမယ့် စိတ်တိုင်းမကျခဲ့ဘူးနော် ။

ပညာတွေသင်၊ ဘွဲ့တွေယူထားပြီး ဘာမှ အသုံးမချဘဲ ယောင်ဝါးဝါးလုပ်နေခဲ့တဲ့

မေ့ကို ကိုကို သဘောမကျခဲ့ဘူး။

မေလေ ကိုကိုရဲ့ ပါရမီဖြည့်ဘက် ဖြစ်ချင်ပေမယ့် အားငယ်မိတယ် ကိုကို

ကိုကိုနားမှာ မေထက်တော်သူတွေများတယ်လေ။

ကိုကိုတခြားမိန်းမလေးတွေနဲ့ပျော်မြုးနေတာ မေမခံစားနိုင်ဘူးကိုကို

ကိုကို ဘေးနားက မိန်းကလေးတွေက မေ့ထက်သာပါတယ် ကိုကို

မေဘ၀ မေ့အခြေအနေမေသိလိုက်ပါပြီ

ကိုကို ကို့ မေထားခဲ့ပါတောမယ်

မေ့ ရင်ထဲအရမ်းတုန်လှုပ်ခဲ့ရပါတယ် ကိုကို။

ကိုကို့ ကို မေ သိပ်ချစ်ခဲ့တယ်ဆိုတာ ပိုပြီး သိလိုက်ရတယ်။

ခံစားလိုက်ရတာ ကိုကိုရယ်။

လွမ်းလိုက်ရတာ။


မနက်မိုးလင်းတိုင်း အပြန်အလှန် ပို့နေကျ message လေးတွေ ၀င်မလာတော့တဲ့အခါ

ညတိုင်း မြည်နေကျ ဖုန်းသံလေး မကြားရတော့တဲ့အခါ

မေ လေ မနေတတ်ခဲ့တာ အမှန်ပါ။

အလွမ်းဆိုတဲ့အရသာ ဒီလောက်ပြင်းရှမှန်းမေထင်မထားဘူး ကိုကို

လူးလိမ့်နေအောင် ခံစားရတယ်

ငိုလို့ ငိုမိမှန်းမသိအောင် ကျလာတဲ့ မျက်ရည်တွေနဲ့

ရင်ထဲမှာ လှိုက်တက်လာတဲ့ ခံစားချက်

ခံစားရတဲ့ ဝေဒနာက ပြောမပြတတ်လောက်အောင်ပါပဲ။

ဆိုးရွားလွန်းပါတယ်လေ။


တစိမ့်စိမ့် ရွာနေတဲ့မိုးလေးတွေ က

မေ့ကိုပိုလွမ်းအောင်ဖန်တီးနေတယ်ကိုကိုရယ်


အရာရာလွန်ခဲ့ပါပြီလေ ..

မိုးရွာနေပါတယ် ကိုကို

မိုးနဲ့အပြိုင် မေ့ပါးပြင်ပေါ် အလွမ်းတွေနဲ့ အတူ မျက်ရည်တွေ ဖြိုင် ဖြိုင်ကျဆင်းနေပေမယ်လည်း

မေဆုတောင်းလိုက်ပါတယ်


မေချစ်တဲ့ ကိုကို ချစ်သူနဲ့ပျော်ပါစေလို့သာ .............................
2

No comments:

Post a Comment