Monday, December 8, 2014

ညီမလေးဘေးက ကြယ်ကလေးကကိုယ်


ညီမလေးရေ
အဖြူရောင် သံယောဇဉ်တချို့ကို
”သံယောဇဉ်" လို့ ခေါင်းစဉ်တပ်လိုက်မယ်
သမုဒယတွေနဲ့ချည်နှောင်တာကို
"အချစ်" လို့ သတ်မှတ်လိုက်မယ်
အချစ်ဆိုတာ
ကိုယ့်ရင်ကိုခွဲမယ့်
ဓါးတစ်လက်ဖြစ်ခဲ့မယ်ဆိုလည်း
မင်းဆီပေးအပ်
သွေးလိုက သွေးစေတော့
ပိုးဖလံတွေရဲ့ ရဲစွမ်းသတ္တိလိုမျိုး
မီး ကိုပဲ တိုးလည်း
တိုးပါရစေ ညီမလေးရယ်
ညီမလေးရေ
မင်းဟာ ကိုယ့်ရဲ့
နောက်ဆုံး သစ်ရွက်ကလေးဖြစ်သလို
မင်းဟာ ကိုယ့်ရဲ့ နံရိုးလေးဖြစ်တယ်
ညီမလေးရေ
စိတ်ကူးတွေနဲ့ ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်
လှပနေလေရဲ့
ညီမလေးရေ
လူဘဝဆိုတာ တိမ်တွေလိုပါပဲကွယ်
ဆုံစည်းရလိုက် ခွဲခွါရလိုက်နဲ့
အခိုးအငွေ့ သိပ်ဆန်လွန်းတယ်
ညီမလေးရေ
မင်းဟာ ကောင်းကင် တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ကိုယ်ဟာ အဲ့ဒီကောင်းကင်မှာ ချိတ်ဆွဲထားတဲ့
ကြယ်တံခွန်လေး ဖြစ်ချင်တယ်
မင်းအတွက် ဘေးနားကနေ ပြီး
လင်းလက်ပေးပါရစေ။


လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment