Thursday, January 26, 2012

****မနေ့ တနေ့ က လိုပါပဲ ဖေဖေရယ်******


မနေ့တစ်နေ့ကလိုပဲ.... အဖေရယ်
အဖေထားသွားခဲ့တာ
ရာသီ အလီလီပြောင်းခဲ့ပေမယ့်လည်း
သမီးစိတ်ထဲ
အဖေပုံရိပ်တွေ
ရှင်သန်နေဆဲပါအဖေ
အဖေ ထွက်သွားတဲ့ရက်ကို
အိပ်မက်တခုလိုပါပဲအဖေရယ်။


အဖေစကား
အဖေအားပေးမူ
အဖေရင်ခွင်
သမီးဝင်ကာနားခိုခဲ့တယ်အဖေ
အခုအဖေရင်ခွင်
အရိပ်မဲ့နေတဲ့
သမီးဘ၀က
ရေနဲငါးလိုပါပဲအဖေရယ်။

ဓူဝံကြယ်လေးကတော့
လမ်းမမှားအောင်လမ်းပြရှာပေမယ့်
အဖေ့ရဲ့ လမ်းညွှန်မှုမရှိလို့
သမီးအနာဂါတ်ဟာေ၀၀ါးနေဆဲပါအဖေ။

သမီးလဲကျတိုင်း
“ဘယ်တော့မှ မငိုနဲ့ ”ပြောခဲ့တဲ့
ဖေဖေ့ရဲ့စကားတစ်ခွန်း
သမီးအတွက် ခွန်အားဖြစ်လို့
ကျလုလုမျက်ရည်တွေ မျိုသိပ်ပြီး
လောကဓံရဲ့ မုန်တိုင်းကြား
ခဏ ..ခဏလဲကျခဲ့ပေမယ့်
သမီးဘ၀လောကဒဏ်ကို
ကြံ့ကြံ့ခံပြီး
ဘ၀ပန်းတိုင်ရောက်အောင်
 အားမာန်နဲ့ လှော်ခတ်ဆဲပါအဖေ။

သမီးဘ၀မှာ အဖေသာစံပြပါ
ဖေဖေကိုနမူနာယူလို့
ဖအေတူသမီး ပီသစွာနဲ့
ကံကြမ္မာရဲ့ လှည့်ကွက်အောက်မှာ
လူးလိမ့်စွာကူးခတ်ရင်း
အဖေကိုလွမ်းဆွတ် သတိရဆဲပါ အဖေ။
ဖေဖေရဲ့စကားသံတွေ
ဖေဖေရဲ့ဆုံးမသံတွေမကြားရတာ
မတ်လ (၂၇)ဆို(၈)နှစ်ပြည့်တော့မယ်ဖေဖေရယ်။
ဖေဖေမွေးနေ့က ပြာသိုလပြည့်နေ့လေးနော်
မေမေကိုဂုဏ်ပြုသလို
မေမေ့ကျေးဇူးကိုအမှတ်ရသလို
ဖေဖေကိုလည်းကန်တော့ပါတယ်ဖေဖေရယ်

လေးစားလျှက်
ရှင်းသန့်မေ