Friday, November 15, 2013

စကားအပြောအဆို ပျားသကာလိုချိုပါစေ


လူဖြစ်စအရွယ်စကားပြောတတ်ခါစက စလို့ မိမိလူမျိုး၊မိမိဘာသာစကားများဖြင့်စတင်ပြောဆို
ကြရသည်။ ကိုယ့်ဘာသာစကားနဲ့ကိုယ်လူမျိုးဆိုတာ. မွေးကတည်းက အတူပါလာသည်။

မိမိလူမျိုး မိမိဘာသာစကားကိုပညာရပ်အနေနဲ့ သီခြားသင်ယူစရာမလိုသလိုပါပဲ. မိခင်ဗိုက်ထဲကစထွက်လာတည်းက အတူမွေးဖွားလာသောဘာသာစကားတခုဖြစ်သည်။

သားနဲ့ အမိ၊ မိဘနဲ့ သားသမီး၊ ညီကိုမောင်နှာမ၊ သူငယ်ချင်း အချင်းချင်း၊ ဆရာနဲ့ တပည့်၊ လုပ်ဖော်ကိုင်ဖက်၊ အလုပ်ရှင်နဲ့ အလုပ်သမား၊ မိတ်ဆွေအပေါင်းအသင်း စသည်ဖြင့် မိမိထိတွေ့ရာ ခင်မင်ရာများနှင့် နေ့စဉ်နဲ့ အမျှ မိမိဘာသာစကားများနှင့်ပြောဆို ဆက်ဆံကြရသည်။

ဒါပေမယ့် မွေးကတည်းက တတ်လာတဲ့ ပြောဆိုခြင်းအတက်ဟာ လွယ်မယောင်နဲ့ ခတ်သလို တိမ်မယောင်နဲ့ နက်နေတာကို အရွယ်အားဖြင့် သတိထားလာမိပါသည်။

စာစကားထက် စကားပြောဆိုတဲ့အတတတ်ပညာကပိုပြီးနက်နဲလာတာတွေ့ရသည်။

မွေးကတည်းက ပြောလာကြတဲ့ ဘာသာစကားအားဖြင့် ပေါင်းသင်းဆက်ဆံရေးဟာ အတွင်းကျကျလေ့လာသင့်တဲ့ ဘာသာရပ်တစ်ခုဖြစ်သည်။

ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိမျက်မှောက်ခေတ် အနေဖြင့် နိုင်ငံကြီးသားတွေအဖြစ်ရပ်တည်ချင်ရင် အချင်းချင်းပြောဆိုဆက်ဆံရာမှာ လိုက်လျှောညီတွေမှုတွေနှင့် အထာကျကျ နားလည်မှုများဖြင့် ပြောဆိုဆက်ဆံဖိုလိုသည်။

လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်နေ့တိုင်း လူတစ်ဦးနဲ့တစ်ဦးကို ဆက်သွယ်
မေးမြန်း စုံစမ်း လုပ်ကိုင် ကြတဲ့နေရာမှာ စကားပြောခြင်း ဆိုတဲ့ အရာကို ကြားခံထားလို့
သုံးစွဲကြပါသည် ။ကျွန်မတို့နေ့ စဉ်အသုံးပြုပြောနေကြ မြန်မာစကားဆိုတာက စကား
လုံးတိုင်းမှာ အနက်အဓိပ္ပါယ် ပြည့်ဝစွာ ပါဝင် နေလေ့ရှိပါသည်။ ပြီးတော့ အခြေအနေ
အချိန်အခါ နဲ့  လူပုဂ္ဂိုလ်အပေါ်မူတည်ပြီး သင့်မြတ်ချိုသာတဲ့ စကားကို သုံးနှုန်းလေ့ရှိပါသည် ။

ကြမ်းပေါက်ထဲ ခြေထောက်ကျွံရင် ပြန်နုတ်လို့ ရနိုင်ပေမယ၊် ကျွံသွား ၊ လွန်သွားတဲ့ စကားကတော့
ပြန်ရုပ်သိမ်းလို့ မလွယ်တော့ပေ ။မြန်မာစကားပုံမှာ စကားနဲ့ ပတ်သက်တဲ့ စကားပုံ များလှ ပါသည်။
စကား စကားပြောပါများ စကားထဲက ဇာတိပြ ၊စကားနောက် တရားပါ ၊ နှုတ်ချို သျှိုတစ်ပါး၊ နှုတ်ကောင်းတော့ ပြည်စိုး၊ နှုတ်ကြောင့်သေ လက်ကြောင့် ကြေ၊ မုန်းစေလို ခံတွင်း လက်လေးသစ်၊ ချစ်စေလို ခံတွင်းလက်လေးသစ်၊ အရိုး မပါတဲ့ လျှာက တော်တော်မွှေ၊ အမိယုတ်တော့ စကား ကြမ်းကြုတ်တယ် စသဖြင့်များစွာ ရှိကြပါသည် ။

ထိုကြောင့် မဖြစ်မနေ များ စကားပြောခွင့်ကြုံလို့ ၊ ပြောရတော့မယ်ဆိုရင် တောင်မှ
ကိုယ်ပြောမယ်စကားကို ချိုသာသိမ့်မွေ့ မှုကို အခြေခံ ၊ပြီးရင် စကားရဲ့ရှေ့နောက်အကျိုးကို စဉ်းစားပြီးမှပြောစေချင်ပါသည်။

သို့ အတွက်ကြောင့်မိမိပြော သမျှစကားများကို သတိထားဆင်ဆင်ခြင်ခြင်
ပြောကြရန်ဖြစ်သည်

စကား..စကားပြောပါများတော့. အပြောမတက်ရင် ဆဲ သလိုဖြစ်တက်ပါသည်။

စကားတခွန်းကြောင့် လူချစ်နိုင်သလို စကားတခွန်းကြောင့်လည်းလူကိုသေစေနိုင်သည်။
စိတ်ဓာတ်ကျနေသူတစ်ဦးအား အားပေးစကားပြောခြင်းသည် ၄င်း၏စိတ်ဓာတ်ကိုမြှင့်တင်စေနိုင် သည့်အပြင် ၄င်းရင်ဆိုင်နေရသောအခက်အခဲ ကိုအောင်မြင်ကျော်
လွားနိုင်အောင်ကူညီပေးနိုင်သည်။

ထို့ နည်းတူ စိတ်ဓာတ် ကျနေသူတစ်ဦးအားပြောသည့် အပြုသဘော မဆောင်သောစကားသည်
၎င်းကိုယ်၎င်းသတ်သေ နိုင်သည်အထိဖြစ်စေနိုင်ပါသည်။

.အပေါင်းသင်းကောင်းသူလို့ ပတ်ဝန်းကျင်မှာ မှတ်ချက်ပေးခံရသူဟာ အပြောကောင်းသူများဖြစ်ပါသည်။
စကားကို လိုက်လျောညီထွေ ပြောဆိုပြေပြစ်သူများဖြစ်သည်။

"ငါကတော့မှန်သာပြောတာပဲ နားမခံသာလဲသေလိုက် "ထိုထိုစကားသည် တဘက်လူကို နားမခံသာအောင်ပြောသောစကားသာဖြစ်သည်။

မိမိဘက်က ဘယ်လောက်မှန်မှန်စကားကို ချိုချိုသာသာနဲ့ အကျိုးအကြောင်းညီစွာစကားကိုမပြောဆိုတတ်ရင် ဆဲသလိုဖြစ်တတ်သည်။

တဘက်လူနားတွင်လည်းမခံချိမခံသာဖြစ်တတ်သည်။

လျှာနှစ်ခွနဲ့ဟန်ဆောင်လိမ်လည်ကောက်ကျစ် စွာနဲ့ အပြောကောင်းသူများကတော့
စကားပရိယာယ်ကြွယ်ဝတတ်ကြသည်။

ထိုထိုသောသူများသည် ဟန်ဆောင်မူကြောင့်တခဏတာပဲလူများချီးကျုးမူကိုခံရတတ်သည်။

အပြောနည်းသူလည်းမဖြစ်သင့်သလို အပြောများသူလည်းမဖြစ်သင့်ပါ။
သင့်တင့်လျောက်ပတ်တဲ့ အနေအထားနဲ့ အပြောအဆိုမှန်ဖို့သာလိုပါသည်။

စကားနည်းခြင်း၊ စကားအပြောအဆိုမတတ်ခြင်းဟာ မိတ်ဆွေအပေါင်းသင်းများက ပစ်ပယ်တတ်ကြသည်။
စကားအပြောများခြင်းဟာလည်း တစ်ပါးသူကို အနှာင့်အချက်ဖြစ်စေခြင်းကြောင့်
မိတ်ဆွေအပေါင်းအသင်းများ ခတ်ရှောင်ရှောင်ဖြစ်တတ်ပါသည်။

အကျအနကောက်တာကိုပဲ အလေးထားသူဆိုရင်လည်း အားလုံးကို အမှားတွေပဲလို့ အမြဲမြင်နေလိမ့်ပါမည်။

ဘ၀ဖြတ်သန်းမှုအတွက် ပေါင်းသင်းဆက်ဆံရေးကလည်းအရေးပါတာတဲ့ကဏ္ဍတခုပင်ဖြစ်သည်။

မျက်နှာသွင်ပြင်လက္ခဏာကလည်း ပေါင်းသင်းဆက်ဆံရေးတွင်အရေးပါသည်။ သင့်နှင့်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြုံးပြဖို့ကိုဝန်မလေးပါနှင့်. အတတ်နိုင်ဆုံး မျက်နှာပေါ်တွင် အပြုံးကို ဆောင်ပါ.။

လူအများနှင့် ပေါင်းသင်းဆက်ဆံစကားပြောဆိုသောအခါ ကိုယ့်ကပဲအပြောသက်သက်မနေပဲ
သူများစကားကို နားထောင်တက်ပါစေ။ကိုယ့်အကြောင့်ကိုပဲ ကိုယ်ရည်သွေးနေရင်
တဘက်လူအတွက်စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါသည်။

မိတ်ဆွေအ ပေါင်းသင်းများနှင့်စကားပြောဆိုသောအခါ အတိုက်အခံဖြစ်ပါစေနှင့်။

ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုရိုးကို အလေးထားဖို့လိုပါသည်။

ကိုယ်ကတဘက်လူအခက်အခဲသူတပါးအရေးမှာ မိမိကူနိုင်မှ မိမိအခက်အခဲမိမိအရေးမှာ ရောင်ပြန်ဟတ်နိုင်ပါသည်။

လူအများနှင့်စကားပြောဆိုတဲ့အခါ မိမိကိုယ်ရည်ကိုယ်သွေးကို ကြွားဝါပြောဆိုခြင်းကိုလည်းရှောင်သင့်ပါသည်။

စကားအပြောအဆို ဆက်ဆံမှုအဆင်မပြေခြင်းသည်သာမန် လူမှုရေးကိစ္စများအပြင် နိုင်ငံရေး၊စီးပွားရေး အထိ သွေးထိုး လှုံ့ဆော်မှု၊ မမှန်မကန်သတင်းဖြန့်ဝေမူ
ကောလဟာလစသည်တို့တိုင်ဖြစ်ပွားနိုင်ပါသည်။

တစ်ဦးနဲ့တစ်ဦး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံပြောဆိုကြတဲ့နေရာမှာ စကားအပြောအဆို၊ ပရိယယ်ကြွယ်ဝမှုဟာ အင်မတန်ကို အရေးပါပါသည်။

မြန်မာ့စကားမှာ "မုန်းစေလို ခံတွင်း လက်နှစ်သစ်၊ ချစ်စေလို ခံတွင်းလက်နှစ်သစ်"ဆိုတာ ရှိပါသည်။

လူတစ်ဦးတစ်ယောက်ကို မုန်းအောင်ပြောတာလည်း ဒီပါးစပ်(ခံတွင်း)၊ ချစ်အောင်ပြောတာလည်း ဒီပါးစပ်ပါပဲ။


ထို့ကြောင့်စကားအပြောအဆိုကို"မောင်တို့..ဆိုလေ ပျားသကာသို့ ဆိုတတ်စေ"ဆိုတဲ့ အဆုံးအမနဲ့အညီစကားအပြောအဆိုပြောဆိုဆက်ဆံခြင်းကလည်းအရေးပါမှုကို မီးမောင်းထိုးပြနေပါတော့သည်။
စကားအပြော ပျားသကာလိုချိုခြင်းဖြင့်လူချစ်လူခင်ပေါများလာနိုင်ပါစေ။


(ကျမသည်စကားအပြောအဆိုမတတ်သူဖြစ်ပါသည်)

စာရေးသူလည်းကြိုးစားနေဆဲ
လေးစားလျက်
ရှင်သန့်မေ

No comments:

Post a Comment